30 December 2009

`` အမေ ´´

သူများတွေလို
အမေ ...ပညာမတတ်ခဲ့ပေမဲ့…
ကျွန်တော်တို့ကို ပညာတတ်အောင်
သင်ပေးခဲ့တယ်။

သူများတွေလို
အမေ...မချမ်းသာခဲ့ပေမဲ့…
ကျွန်တော်တို့ကို မျက်နှာမငယ်အောင်
ထားပေးခဲ့တယ်။

သူများတွေလို
အမေ့မှာ... အဝတ်အစားမများပြားခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ လှအောင်
ဆင်ပေးခဲ့တယ်။

သူများတွေလို
အမေ... သတ္တိမကောင်းခဲ့ပေမဲ့...
ကျွန်တော်တို့ရှေ့  မှာ
အမေ အမြဲတမ်း နေပေးခဲ့တယ်။

သူများတွေလို
မယုယတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေထွေးပွေ့ထားခဲ့တယ်။

သူများတွေလို
စကားပြောမကောင်းခဲ့ပေမဲ့...
အမေ့ရဲ့ ပုံပြင်လေးတွေထဲမှာ
အိပ်စက်ခွင့်တွေရခဲ့တယ်။

သူများတွေလိုအမေ...
သီချင်းမဆိုတတ်ခဲ့ပေမဲ့...
မိတ္ထိလာကန်တော်အောက်က
ဖားကလေးတွေကောက်ပေးခဲ့တယ်။

မိဘရဲ့  မေတ္တာဘာလဲဆိုတာ...
အမေ မသိ။

ပေးဆပ်ခြင်းရဲ့  အဓိပ္ပါယ်...
အမေ နားမလည်ပါ။

အမေ့မှာ ပညာဗလာ ၊ ဥစ္စာနတ္ထိ
ဘာတစ်ခုမှာလည်း မရှိခဲ့ပါဘူး။

အမေဆိုတာ တစ်ခုတည်းနဲ့
အားလုံးကို ပြီးပြည့်စုံစေခဲ့တာပါ။

( အမေများနေ့အား ဤကဗျာဖြင့် ဂုဏ်ပြုပါ၏ )
ဝင်းနိုင်၊ ပြည်။

27 November 2009

'' ကံကြမ္မာ ''

ကံကြမ္မာက ဒါဏ်ခတ်လေသလား
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေ
ဝေရပြန်ပြီလေ.....

ကိုယ့်ကိုယ်များ မေ့နေမလား
စိုးရိမ်စိတ်တွေလည်း ငြိတွယ်ခဲ့ပြီ
ငါ့အရိပ်တွေ ကွယ်ပျောက်
တခြားအရိပ်များ ခိုနားပြီလား
စိတ်အတွေးစဉ်မှာ သံသယတွေ
ဝေရပြန်ပြီလေ.....

မီးလျှံတွေကြားမှာ အထီးကျန်နေရတာ
လွမ်းမောရပါတယ် .....
ထာဝရအနား ရှိချင်ပေမယ့်
ခွဲခွါရတာ ကံကြမ္မာရဲ့အပြစ်လား
ကိုယ့်ဒုက္ခ ကိုယ်ရှာသတဲ့လား
ဒါမှမဟုတ်...........
ဖူးစာရှင်ကများ ရူးရအောင်
လုပ်နေသလားကွာ ..........။

16 October 2009

" မညာပါနဲ့ကောင်မလေး "

မညာပါနဲ့ကောင်မလေးရယ်.....
ရွာမလိုလိုနဲ့တိမ်ညိုတွေဆင်ကာ လျှပ်စီးတွေ
ကိုယ့်ကောင်းကင်မှာ မင်း လင်းလက်ခဲ့ဖူးတယ်လေ .....။

မမေ့လိုက်ပါနဲ့ကောင်မလေးရယ်.....
ယုယ မလိုလိုနဲ့ အိပ်မက်တွေပေးကာ
အလွမ်းသစ်ပင်တွေ ကိုယ့်ကမ္ဘာမှာ
မင်းစိုက်ပျိုးခဲ့ဖူးတယ်လေ .....။

မရက်စက်လိုက်ပါနဲ့ကောင်မလေးရယ်.....
ကြင်နာမလိုလိုနဲ့ မင်းဟန်ဆောင်ကာ
ကိုယ့်နှလုံးသားကို ဖြားယောင်းခဲ့ဖူးတယ်လေ .....။

ဝန်ခံလိုက်ပါကောင်မလေးရယ်.....
ဝေးကွာနေတဲ့ ကိုယ်တို့ရဲ့အဖြစ်ကို
ချစ်ခြင်းနဲ့ အဆုံးသတ်ချင်လို့ပါကွယ် .....။

22 May 2009

\" အမုန်းမရှိတဲ့အချစ် \"

ကောင်မလေးရေ...........
အစကတည်းက မင်းဟာ
ငါ့ နှလုံးသားရပ်ဝန်းမှာ
ခိုနားချင်တဲ့ဆန္ဒတွေရှိနေရင်
ရိုးသားစွာရင်ထဲကို ၀င်လာခဲ့ပါလား.....

ဘာဖြစ်လို့............
ငါ တန်ဖိုးမထားတဲ့
မာယာတွေကိုအသုံးပြုပြီး
ရင်ထဲကချစ်ခြင်းတွေကို
ညာယူခဲ့ရတာလဲကွာ.....

ရိုးလွန်းသူခံစတမ်းဆိုပြီး
နောက်ကွယ်မှာဟားတိုက်ကာ
မင်း လှောင်ရီနေမယ်ဆိုရင်လည်း
ငါကျေနပ်စွာပဲ အရှုံးပေးပါတယ်.....

ကောင်မလေးရေ.........
အရာအားလုံးကို ငါ
ခွင့်လွှတ်တယ်ဆိုပေမဲ့လည်း
သိပ်နာကျည်းစရာတွေရှိလာခဲ့ရင်
မင်းကို အချစ်လျော့သွားမှာတော့မဟုတ်ပါဘူး.....

ဒါပေမဲ့.........
မင်းအနားကနေ
အဝေးဆုံးကိုပဲ
ငါ ထွက်ပြေးပါရစေ......။

13 May 2009

“ ကောင်မလေးအတွက် ”

ကောင်မလေးရေ .....
နှုတ်မဆက်ဘဲ ထွက်ခွါသွားသူမှာ
သံယောဇဉ် ဆိုတာ
ရှိနိုင်ပါဦးမလား ...

မျှော်လင့်မနေပါနဲ့
ယုံကြည်မှုဆိုတာ
ဟန်ဆောင်တတ်သူတွေအတွက်
ပေးအပ်ဖို့ မကောင်းတဲ့အရာပါ

ဝေး ဝေးထွက်ပြေးသူကို
တွေး တွေးပြီးဆွေးနေရင်
နူးညံ့လွန်းတဲ့
နှလုံးသားသာ အက်ကွဲကြောင်းတွေ
အရာထပ်လိမ့်မယ်

ကြယ်တစ်စင်း ကြွေသွားတိုင်း
နှမြောတသ မနေပါနဲ့
ကောင်းကင်ပေါ်မှာ ကြယ်တွေက
ရေတွက်လို့မရအောင်
များပြားပါတယ်ကွာ.....။
“ သံယောဇဉ် ”

ကောင်မလေးရေ .....
သံယောဇဉ်ဆိုတာကို မင်းဘယ်လိုနားလည်မလဲ ...
ခင်မင်မှုဆိုတာကိုရော မင်းဘယ်လိုဆုံးဖြတ်မှာလဲ ...

မင်းမသိတဲ့ ... မင်းမမြင်ဖူးတဲ့ ...
လူတစ်ယောက်ရဲ့ ခံစားချက်ကိုရော
မင်းဘယ်လောက်ထိ နားလည်ပေးမှာလဲ ...

ဘယ်လိုပဲဖြစ်ဖြစ်လေ ...
ငါ့ရင်ထဲမှာ မင်းရှိနေမယ် ...
ငါမသိတဲ့မင်းကို စဉ်းစားရင်းလွမ်းနေမယ် ...
စိတ်အရမ်းကောက်တတ်တဲ့ ကောင်မလေး
ဘယ်လိုပုံစံလဲ ဆိုတာကို တွေးရင်းနဲ့
ကြည်နူးနေမယ် .....

မင်းကျေနပ်တဲ့အထိ
ငါ တတ်နိုင်တာတွေကို ဖြည့်ဆည်းပေးချင်တယ်
ယုံလား ..... ?

08 May 2009

“ မင်းသိရင် ”

မဆုံနိုင်မဲ့အတူတူ မေ့ပစ်လိုက်ဖို့
တွေးဆရင်း တိတ်တဆိတ်
မျက်ရည်ကျနေရတဲ့ ငါ့အတွက်
ညတွေက ခါးတယ်ဆိုတာ မင်းသိရင် .......


ဖြူစင်တဲ့ အကြင်နာစကားလေးတွေ
မင်းပြောတော့ တမ်းညွှတ်နေတဲ့
နှလုံးသားကို ဦးနှောက်နဲ့ထိန်းချုပ်ရင်း
သံယောဇဉ် ကြိုးစကလေးတွေကို
ငါဖြတ်တောက် နေခဲ့တယ်ဆိုတာ မင်းသိရင် .......

ကျန်ရစ်ခဲ့မှာကို သိပ်ကြောက်တဲ့ငါ
မင်းထားရစ်မဲ့ နေ့ကိုမရောက်ခင်
မင်းမပါဝင်နိုင်တော့မဲ့ ခါးသီးခြင်း
မနက်ဖြန်တွေကို ငါတစ်ယောက်တည်း
ရင်ဆိုင်လျှောက်လမ်းတတ်ဖို့
ကြိုးစားနေခဲ့တယ်ဆိုတာ မင်းသိရင် .......

တကယ်တမ်းကျတော့
ငါဘ၀မှာမင်းသာ မရှိတော့ဘူးဆိုရင်
ငါရဲ့အချစ်ကဗျာတွေမှာလည်း
ကာရံတွေပျောက်ကွယ်သွားနိုင်တယ်ဆိုတာ မင်းသိရင်.......။