24 February 2009

" နောင်တမဲ့အလွမ်း "

ဖြူစင်ပါတယ်လို့
အထင်ကြီးခဲ့ပေမဲ့လည်း
အရာအားလုံးဟာ
မာယာတွေနဲ့ဆိုတာ
အချိန်တွေလွန်မှ
ကိုယ်သိခဲ့ရတယ်လေ.....။

ရိုးသားမှုတွေနဲ့
ကလေးတစ်ယောက်လို
နွေးထွေးစွာဆက်ဆံခဲ့မိတာ
မင်းအတွက်တော့
အလေးထားလောက်စရာ
လူတစ်ယောက်မဖြစ်ခဲ့ဘူးထင်ပါရဲ့.....။

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
ဖြူစင်တဲ့ခင်မင်မှုမှာ
လှည့်စားမှုဟာ
နေရာမယူသင့်ဘူးဆိုတာ
မင်းသိလျက်နဲ့ကွယ်.........။

ရက်စက်တယ်လို့လဲ
ဖွင့်မပြောချင်တော့ပါဘူး
မင်းမသိနိုင်တော့တဲ့
နောက်ကွယ်ကနေပဲ
တိတ်တိတ်ကလေး
ကိုယ်လွမ်းနေပါတော့မယ်.......။

21 February 2009

“ အလွမ်းမိုး ”

မိုးစက်တွေကို
ငေးကြည့်ရင်းနဲ့
အတိတ်ရဲ့နေ့ရက်တွေကို
ကိုယ်လွမ်းဆွတ်မိခဲ့တယ် ....

အရာရာဟာ
အသစ်ဆိုတာ
ဦးနှောက်ကလက်ခံပေမဲ့လည်း
နှလုံးသားက လက်မခံခဲ့ ....

ဦးနှောက်နဲ့နှလုံးသား
ပြိုင်ပွဲတွေမှာ
နှလုံးသားအနိုင်ရတာကို
ကျေနပ်နေမိခဲ့တယ် ....

ဒါပေမဲ့လေ.......
ဒဏ်ရာရခဲ့တဲ့
နှလုံးသားလေး အတွက်တော့
ကိုယ်ကြေကွဲ နေရဦးမှာပါ .....။

18 February 2009

'' မပြီးဆုံးသေးတဲ့ပန်းချီကား "

သဘာဝရဲ့တံတိုင်းတွေကို
ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့လို့
ဝမ်းနည်းခြင်းတွေနဲ့အတူ
မျှော်လင့်ခြင်းဆိုတဲ့
ပန်းချီကားတစ်ချပ်ကို
ကိုယ်စဆွဲဖြစ်ခဲ့တယ်.....။

သတိရခြင်း...
တမ်းတခြင်း...
လွမ်းရခြင်းဆိုတဲ့
ဆေးစက်တွေကိုချခဲ့မိလို့
ရင်ထဲကဝေဒနာတွေကို
ပန်းချီကားလေးသိသွားခဲ့တယ်...။

မွန်းကျပ်မှုတွေ
လှိုင်းထန်လာတိုင်း
မထိန်းချုပ်နိုင်ခဲ့လို့
ပန်းချီကားလေးထံမှာ
အကြိမ်ကြိမ်အခါခါ
ပေါက်ကွဲခဲ့မိပြန်တယ်....။

အိပ်မက်ဆိုးတွေမက်ရင်း
လန့်နိုးလာမှကိုယ်အခန်းထဲ
ပန်းချီကားလေး
ငိုနေတယ်ဆိုတာ
ကိုယ်သိခွင့်ရခဲ့တယ်...။

ပန်းချီကားလေးရေ
ဖြူစင်နေတဲ့မင်းနှလုံးသားကို
အရောင်ဆိုးခဲ့မိတဲ့အတွက်
ကိုယ်ကိုခွင့်လွှတ်ပါနော်...။

ကိုယ်လေ......
နောက်ထပ်ဆေးစက်တွေ
ဘယ်တော့မှမချတော့ပါဘူးကွယ်.......။

16 February 2009

" Online.......ချစ်သူ"

မင်းနဲ့အမြဲတမ်း
အကြည့်ခြင်းဆုံ
ရင်ခုန်ခွင့်ရနေသူ
(ကိုယ်မဟုတ်တဲ့)
moniter screen လေးရယ်.........

မင်းရဲ့ဆန္ဒတွေကို
ပေးဆပ်ခွင့်ရလို့
ကျေနပ်နေသူ
(ကိုယ်မဟုတ်တဲ့)
keyboard လေးရယ်........

မင်းလက်ကလေးရဲ့
အကြင်နာအုပ်မိုးမှုအောက်မှာ
ဘ၀မြင့်နေသူ
(ကိုယ်မဟုတ်တဲ့)
mouse လေးရယ် ..........။

12 February 2009

" အတိတ်ပုံရိပ် "

အရင်တုန်းက
လှပတဲ့အနာဂတ်ကို
မျှော်လင့်ချက်နဲ့ပုံဖော်ရင်း
ကိုယ်ရဲ့မနက်ဖြန်တွေ
အသက်ဝင်နေခဲ့တယ်...။

မမျှော်လင့်တဲ့တစ်နေ့
ကံတရားရဲ့ရက်စက်ခြင်းကြောင့်
အိပ်မက်တွေပြိုကွဲရင်း
နှလုံးသားတွေကြေမွခဲ့ရတယ်....။

မင်းမရှိတဲ့နေ့တွေမှာ
အတိတ်တွေကိုသတိရရင်း
အနာဂတ်မှာအလွမ်းတွေ
ပြည့်သိပ်လာခဲ့တယ်....။

သိပ်ချစ်တယ်ချစ်သူရယ်
မင်းရှိခဲ့ဖူးတဲ့အတိတ်ရဲ့
နေ့ရက်တွေကိုတမ်းတရင်း
အခုချိန်မှာတော့
ကိုယ်တစ်ယောက်တည်း
အထီးကျန်စွာရှင်သန်နေဆဲပါ.....။

09 February 2009

“ ဆောင်းရက် အလွမ်း ”

အပြင်ဘက်ဆီမှာ
အရင်ရက်ကလို နှင်းတွေကစိုတယ် .....

ဒီရင်ဘတ်မှာလည်း
အရင်ကထက်ပိုပြီး မင်းကိုပဲလိုတယ် .....

နှင်းသီတဲ့ ညဥ့်နက်နက်တွေအောက်
မင်း ရီသံ ပျောက်ရှနေတဲ့အခါ
ငါဟာ .... အိပ်တန်းပြန်နောက်ကျတတ်တဲ့
ဆောင်းခိုငှက်တစ်ကောင်လို
အမှောင်တွေထဲ လမ်းပျောက်တယ် .....

တခမ်းတနား လွမ်းဖျားနေခဲ့ရတဲ့
အခန်းတံခါးရဲ့ နောက်ကွယ်မှာ
မင်းပေးတဲ့ ပို့စကဒ်တွေကို ရေတွက်မယ် .....

ဖေဖော်ဝါရီ တစ်ဆယ့်လေးကိုလည်း ခပ်ဆွေးဆွေးပဲ
ကျော်ဖြတ်မယ် .....

နွေးထွေးစွာ မှေးစက်ခဲ့ဘူးတဲ့
မင်းပုခုံးတစ်ဖက်ရဲ့ အဝေးမှာ
သတိရစေတတ်ခဲ့သော
အိမ်ပြန်ချိန်တွေကို လွမ်းဆွတ်
နှလုံးသားထဲက အခါခါရွတ်နေမိတဲ့စကား
မင်းလည်းပဲ သတိရပါစေကွာ .....

ဖေဖေါ်ဝါရီမှာ အိမ်မက်တွေအသက်သွင်းခွင့် မရနိုင်ပေမယ့်
ရင်ထဲက မပျက်ယွင်းခဲ့တဲ့
သစ္စာတရားတွေနဲ့
နှလုံးသားချင်းနားလည်
အနားနား မင်းမရှိခဲ့လည်း
ကိုယ် .....
ဘယ်အခါမှ အားမငယ်ပါဘူးကွာ .......... ။
“ နောင်တကင်းတဲ့ အချစ် ”

အိမ်မက်ဦးရေ .....
အမှတ်တမဲ့ကြုံတဲ့
နင့်မျက်ဝန်းနက် တစ်စုံကြောင့်
(ငါ့ရဲ့)ရင်ခုန်သံတွေ ဗြောင်းဆန်ပြီး
အဲဒီတစ်နေ့လုံး ကမောက်ကမတွေကိုဖြစ်လို့ .....

တကယ်ဆို
ငါဟာ မချစ်တတ်ချင်ခဲ့သူပါ
အလှငေးဖို့ဆိုပြီး
အချစ်နတ်ဘုရား ဖန်ဆင်းပေးလိုက်တဲ့
နင်နဲ့ မတွေ့ဆုံခင်အထိပေါ့ .....

ဒီလိုနဲ့တစ်ဆင့်တက်
ငါရေးနေကျ ဒိုင်ယာယီစာအုပ်ထက်
အသက်ဝင်ဆုံး ကဗျာတစ်ပုဒ်အဖြစ်
နင်ရောက်ရှိခဲ့ပြန်တယ် .....

အခုဆို
နင့်အပြုံးအနုတွေက
ငါ့အိမ်မက်တွေမှာ နေရာယူကြီးစိုးလို့
အထပ်ထပ်ငြိတွယ်
ဖျက်မရတဲ့ သံယောဇဉ်နှောင်ကြိုးတွေနှင့်အတူပေါ့ .....

ကံကြမ္မာရယ်
နောင်သံသရာမှာတော့
တစ်ဖက်သတ်အချစ်ဆိုတဲ့ဒဏ်ရာ
ဆိုးရွာစွာ မခံစားပါရစေနဲ့ ........... ။
အချစ်ကျွန်အတွက် လွမ်းခွင့်

ချစ်သူရယ် .....
သုံးနှစ်သုံးမိုးဆိုတဲ့ ကာလတွေအောက်မှာ
ငါ့အချစ်တွေ စတေးပစ်ရတော့မှာလား
တစ်ချိန်တုန်းက
ကမ္ဘာပျက်သုဉ်း မမုန်းဘူးလို့
ပြောခဲ့ပေမယ့်
ခုတော့ကွာ လေးလ ဆိုတဲ့ ကွာဝေးခြင်းတစ်ခုက
သစ္စာဆိုတဲ့ တံတိုင်းတွေ အပိုင်းပိုင်းဖျက်
အထပ်ထပ်ရစ်ပတ်ထားတဲ့
သံယောဇဉ်နှောင်ကြိုးတွေ ဖြေလျော့
မေ့လိုက်တော့တဲ့လား ချစ်သူရယ် .....

ပြန်ဆုံခွင့်ကို စောင့်စားရင်း
ရုတ်တရက် ကြုံလိုက်ရတာက
“ နှုတ်ဆက်လမ်းခွဲမှု ”
ချစ်သူမကြားနိုင်တော့တဲ့
ရှိုက်သံတစ်ချက်နှင့်
အယူခံလည်း မ၀င်တော့ပါဘူးလေ
နေပါစေ
အချစ်ခံရတဲ့သခင် မဖြစ်တော့ရင်လည်း
ကိုယ်က ချစ်နေခွင့် “ ကျွန် ” အဖြစ်နဲ့
အထီးကျန်ဘ၀တွေကို လျှောက်လှမ်းဖို့
ချစ်သူရယ် .....
ငါ့ကို
လွမ်းခွင့်လေးတော့ ပေးခဲ့ပါ ..... ။

07 February 2009

“ နှောင်းခဲ့တဲ့ စိတ်အစဉ်မှာ ”

မိုးမရွာသင့်တော့တဲ့အချိန်
ဆောင်းတွင်းကာလ တစ်ခုမှာ
မိုးရွာခဲ့သလို
ကိုယ်လည်း မချစ်သင့်တော့တဲ့
အချိန်ရောက်မှ မင်းကိုချစ်ခဲ့မိတယ် .....

မင်းကိုယ်တိုင်လည်း မသိ
အခြားဘယ်သူမှလည်း မသိနိုင်တဲ့
ကိုယ့်ရင်ထဲက ခံစားမှုတွေ
ဘယ်တော့များမှ ကျေပျက်သွားနိုင်မှာလဲ .....

အဲဒီနေ့ကို စောင့်စားရင်း
ကိုယ်ရင်မောလာတယ် .....

အဲဒီနေ့ဆိုတာရော ရှိနိုင်ပါဦးမလား
ထိန်းချုပ်လို့မရတဲ့ ကိုယ့်စိတ်တွေကိုလည်း
ထိန်းချုပ်မနေချင်တော့ဘူး .....

မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မင်းကို
တစ်သက်လုံး စွဲလမ်းသွားဖို့
ကိုယ့်ကိုယ်ကို
ရူးမိုက်စွာနဲ့ ခွင့်ပြုလိုက်ပြီ .....။ “ moonperi ”
“ အရိပ် ”

တိတ်တိတ်ကလေးပဲ
ကိုယ်က သူ့အနားမှာ ဖူးပွင့်ချင်တယ် .....

ခြေတစ်လှမ်း လှမ်းတိုင်း
သူ့ကိုယ်ငွေ့ဝှက်ထားသော လေပြေသာ
ကိုယ့်အတွက် တိုက်ခတ်စေပါတော့ .....

လောကမှာ
အခြားအရာတွေသာ ပြည်ဖုံးကားချလို့ရမယ်
ကိုယ့်ရင်ထဲက သစ်ရွက်တွေတော့
ဆယ့်နှစ်ရာသီ ဝေနေတာပဲ .....

သူ သွားနေကျ လမ်းကလေးမှာ
ခဏလေးဖြစ်ဖြစ်
ကိုယ်က အရိပ်ပေးချင်တဲ့ သစ်ကိုင်း .....

သူထိုင်သွားတဲ့ ခုံတန်းလေးမှာ
သူပြန်သွားပြီးတိုင်း
တစ်ကိုယ်ရေ ကြွေနေရတဲ့ ၀ိညာဉ် .....

နေ့ရက်တိုင်း မျိုသိပ်ခံစားရင်းနဲ့
ဖြူစင်တဲ့ မျက်ဝန်းလေးကို မထိရက်ဘူး .....

ကိုယ့်ကမ္ဘာလေးထဲမှာပဲ ကိုယ်က
ငေးကြည့်အချစ်တွေ ရွာကျနေမိသူ .....။
“ မြတ်နိုးမှု စစ်တမ်း ”

ချစ်သူ .....
အချစ်ဆိုတာသိချင်လို့
မင်းကို ချစ်တာ မဟုတ်ဘူး .....

ငါ့အတွက် အချစ်ဆိုတာ
တသသကြည့်နေစရာ
နံရံကပ် ပိုစတာတစ်ခု မဟုတ်ဘူး .....

လှပတဲ့ ဘူးထဲက
မင်္ဂလာလက်စွပ်လည်း မဟုတ်ဘူး .....

ငါနားလည်တဲ့အချစ်ဟာ
ချစ်သူ မျက်ရည်ကျရင်
သုတ်ပေးတတ်တဲ့ ငါ့လက် ဖြစ်တယ် .....

ချစ်သူရဲ့ နာကျင်မှုကို
ဝေမျှရင်း တူညီစွာခံစားပေးတဲ့
ငါ့ရင်ဘတ် ဖြစ်တယ် .....

ခုအချိန်မှာ ငါသိတဲ့အချစ်က
ကျောခိုင်းသွားသူ မင်းတစ်ယောက်
စိတ်ဆင်းရဲမှာကို စိုးရိမ်မကင်းစွာ
ကြောက်နေတတ်တဲ့
ငါ့နှလုံးသားပဲ ဖြစ်တယ် ........။
“ အဖြည့်ခံ ”

ငါက
မင်းရေးဆွဲခဲ့ပြီး
ဘောင်ခတ်ချိတ်ဆွဲခံ ပန်းချီကားတစ်ချပ်ပါ .....
မင်းလွမ်းလို့
ပြန်ပြီး ခံစားချင်ရင်
ငါ့ဆီရောက်လာတတ်ခဲ့ပေမယ့်
မေ့ပျောက်နေတဲ့ အချိန်ဆိုလည်း
ဟိုးအဝေးမှာ နေသားကျနေတတ်တယ်နော် .....
ငါကတော့
မင်းဘောင်ခတ်ခဲ့တဲ့အတိုင်း
ပတ်ဝန်းကျင်ရဲ့
အာခံမှုကိုမှ ဂရုမထား
မင်းပြန်အလာကိုသာ
သစ္စာရှိရှိ စောင့်ပေးနေရတာ .....
မင်းခံစားရေးဖွဲ့ခဲ့တဲ့ ငါ
(မင်းအတွက်)
မလိုအပ်တော့တဲ့ ဆေးတစ်စက်ဆိုလည်း
ဖျက်ပစ်လိုက်ပါတော့ ......။