29 January 2009

“ နှောင်ခြင်းဖွဲ့ သစ္စာ ”

နှောင်ထုံးဖွဲ့ အတ္တမာယာမှာ
မရည်ရွယ်ဘဲ ပြုံးနေတတ်တဲ့ နှုတ်ခမ်းတွေနှင့်
ခုနှစ်ရောင်ခြယ် ပုံပြင်တွေ မဆုံးတမ်းပြောရင်း
လွမ်းမောခြင်း ရာဇ၀င်တွေအောက်မှာ
ငါ့ကို တစ်ယောက်တည်း ထားခဲ့ချင်သူလား .....။

သစ္စာတရားကို အခြေခံပြီး
မေတ္တာတရားဖြင့် စီရင်အပ်သော လမ်းမှာ
သစ္စာထားပြီး သွားကြမယ်ဆို
ကောင်းကင်ပြာကြီးလဲ မလို
ပန်းခင်းသောလမ်းကလေးလည်း မလို
နင့်နဘေးမှာ
ငါ့အနာဂတ်တွေပေးဆပ်ဖို့ပဲလိုတာပါ .....။

လွမ်းမောခြင်းတွေဆို
ငါမလိုချင်တော့ဘူး .....။

ငါ့ဘ၀ရဲ့ အလင်းပျော့ကောင်းကင်တစ်ခုပေါ်မှာ
ထွက်ပေါ်လာခဲ့တဲ့ နေမင်းရေ
သစ္စာတရားဆိုတဲ့ အခင်းအကျင်းတွေသာ
လင်းလက်တောက်ပ လိုက်စမ်းပါ
နင်ဖြတ်လျှောက်လာတော့မယ့်
ငါ့ခြေလှမ်းတိုင်းရဲ့ ဦးတည်ရာဆိုတာ
နင်ရှိမယ့် ကမ္ဘာဆီကိုပါ ...........။ ။
“ ရည်စူးကြယ် ”

လမ်းကွဲသွားတာပါ
လမ်းခွဲသွားတာ မဟုတ်ပါဘူး .....။

ကိုယ့်အတ္တကိုယ် ကိုးကွယ်ကြရင်း
ရည်စူးကြယ်လေး
မာနသွေးတွေ စွန်းရင်း
မြေခသွားခဲ့ပြီ .....။

အိမ်မက်တွေ ရေတိမ်နစ်ပြီးတဲ့အခါ
ပျက်စီးသွားတဲ့ အနာဂတ်ထဲမှာ
အလွမ်းတွေ
မျက်ကန်းတစ္ဆေမကြောက်တော့ သလို
သေမလောက်နာတဲ့ ဒဏ်ရာတွေအောက်မှာ
ဒီထက်နက်တဲ့ ချောက်တွေ ရှိသေးရင်တောင်
ဒီဘ၀လောက်
မှောင်နိုင်လိမ့်မယ် မထင်တော့ .....။

အယောင်ဆောင်များရဲ့
နှစ်တစ်ရာပေါင်းမယ်ဆိုတဲ့ စကားတွေကြားမှာ
သစ္စာတရားဆိုတာ
မမြစ်ပါသွားတဲ့ လဲပြိုမှုတဲ့လား .....။

လမ်းဆုံမှာမဆိုက်တဲ့ ဘ၀ရထားတွေလို
ဦးတည်ရာအမှားတွေကြားမှာ
ဒုက္ခကိုသာ ထည်လဲတွဲမယ်
ငါတို့ ...... လမ်းအကွဲမှာ နေကြရုံ .....။ ။
“ အရင်အတိုင်းပဲ........လွမ်းတယ် ”

မဆုံနိုင်မှတော့ ဝေးကြတာပဲ
အားလုံးမပြောလည်း ငါသိပါတယ် .....။

မေ့မရလို့ ဆွေးတိုင်းမှာသာ
ရေးတတ်တဲ့ ကဗျာအားလုံးဟာ
ပြောနေကျလွမ်းရက်တွေ အကြောင်းချည်းဖြစ်နေတာ
ဆိုးတယ် .....။

သည်လိုနဲ့ပဲ.............
အခန်းကျဉ်းထဲက ပြက္ခဒိန်သာ ငါးခါပြောင်းတယ်
လွမ်းနာကျတာ ခုထိမကောင်းမသေးဘူး .....။
ထီး တစ်ခါဆောင်းမယ်
အနွေး တစ်ခါဝတ်မယ်
နွေ တစ်ခါပြန်ခေါင်မယ်...........
အားလုံးဟောင်းတစ်ခါ သစ်တစ်လှည့်နှင့် .....။

ပြောကြသားပဲ
သွားပတ်သက်ခဲ့တဲ့ အဲဒီ့အချစ်က မီးထက်မကတဲ့
ခုတော့ ........ဂစ်တာတီးတတ်စ ငါ
“ ဒီဇင်ဘာည ” ကိုပဲ အထပ်ထပ် ညည်းနေရတယ်.....။ ။
“ အလွမ်း ပွင့်တဲ့ ဆောင်း ”

နေ့ခင်းကြောင်တောင်မှာ
လရောင်တွေ လင်းလက်ခဲ့ဖူးတာ
ဒဏ္ဍာရီမှ မဟုတ်ခဲ့ဘဲကွာ.....။

အိမ်မက်တွေကို
ပုံရိပ်ဖမ်းချင်ပေမဲ့
အလှမ်းက မမီခဲ့ဘူး.....။

အဖြူရောင်ခေါင်းစဉ် တစ်ခုနှင့်
ရှင်သန်သွားဖို့ကိုတောင်
ကြမ္မာမိုးက ခပ်ခေါင်ခေါင်ရယ်.....။

တကယ်တော့.......
မင်းနဲ့ဆုံခဲ့ဖူးတဲ့ သည်တစ်ဆောင်းဟာ
အလွမ်းတွေပွင့်ဖို့ သက်သက်ရယ်ပါ.....။ ။
“ အတိတ်ပုံရိပ် ”

အရင်တုန်းက
လှပတဲ့အနာဂတ်ကို
မျှော်လင့်ချက်နဲ့ပုံဖော်ရင်း
ကိုယ့်ရဲ့မနက်ဖြန်တွေ
အသက်ဝင်နေခဲ့တယ်...။

မမျှော်လင့်တဲ့တစ်နေ့
ကံတရားရဲ့ရက်စက်ခြင်းကြောင့်
အိပ်မက်တွေပြိုကွဲရင်း
နှလုံးသားတွေကြေမွခဲ့ရတယ်....။

မင်းမရှိတဲ့နေ့တွေမှာ
အတိတ်တွေကိုသတိရရင်း
အနာဂတ်မှာအလွမ်းတွေ
ပြည့်သိပ်လာခဲ့တယ်....။

သိပ်ချစ်တယ်ချစ်သူရယ်....
မင်းရှိခဲ့ဖူးတဲ့အတိတ်ရဲ့
နေ့ရက်တွေကိုတမ်းတရင်း
အခုချိန်မှာတော့
ကိုယ်တစ်ယောက်တည်း
အထီးကျန်စွာ ရှင်သန်နေဆဲပါ...။

20 January 2009

အပြင်းပြေ ဖတ်ရအောင်လို့ပါ........

ကျူးလွန်မိမှာစိုးလို့ တဲ့.......

Q : ဒါနဲ့ ..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..
Q : မင်းကဘာလို့ အရက်ကို အလွန်အကျွံ သောက်နေရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ ပါးလုံအောင်လို.ပါ...
Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....
အခြားကံ ၄ ပါးပါ ချိုးဖောက်တာ မဟုတ်ဘူးလား..
A : ဘဲနဲ့ ချိုးဖောက်ရမှာလဲ..
Q : ဗျာ..

A: အေ့..။ တကယ်သောက်ကြည့်ပါလား...အရက်မူးလွန်လို့
သူများကိုလိမ်ဖို့မပြောနဲ့ကို့လျှာအလုံးကြီးကို
ပြန်မကိုက်မိအောင်လို့ မနဲ ထိန်းထားရတယ်....အေ့!...။
Q : ဟေ ......!

A : မဟေနဲ. တချို့ဆို အမူးလွန်းပြီး အမှန်တိုင်း ပြောမိလို့
ကျွဲခိုးပေါ်တာရှိသေး..အေ့။
Q : အဲ့!

A : မ အဲ့ နဲ့အုန်းရှိသေးတယ်.. သူတပါးပိုက်ဆံခိုးဖို့မပြောနဲ.
ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိုက်သွားမှန်း မသိလို့
ပျောက်ရတာအကြိမ်ကြိမ်...အေ့။
Q : ဟင်!

A : မဟင်နဲ့အုန်း..ကျန်သေးတယ်... သူတပါးအသက်
သတ်ဖို့မပြောနဲ့ ကိုယ့်ဘာသာကိုယ် မရပ်နိုင်လို့
ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည့်တော့...အေ့..။
Q : သြော်!

A : မသြော်နဲ.မပြီးသေးဘူး...... သူများသားမယားကို
ပြစ်မှားဖို့ဆိုဝေးရော...နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...
အမူးလွန်ပြီး ပန်းခြံထဲမှာ အိပ်နေတာ
ကိုယ့်ဖင်ထဲကို မြွေဝင်သွားမှန်းတောင်
မသိဘူးတဲ့...အေ့..။

Q : မင်းပြောတော့လည်း ဟုတ်သလိုဘဲ......
ငါလည်း ကံ ၄ ပါး လုံအောင် အရက်သောက်ရမလို
ဖြစ်နေပြီ .......
အရက်ဆိုင် သွားအုံးမှ ”..... ။ ။ :P


နှလုံးသားနှင့်ရင်း၍…

နှလုံးသားနှင့်ရင်း၍…
ရင်မှာထင်ကျန်ဆဲ
မင်းအချစ်တွေလည်း
မေ့လို့မရသေးပါ..

ဟိုတစ်ချိန်က
အမှတ်ရစရာများ
ကွယ်ပျောက်မသွားပါ…

ဝေဒနာများခါးသက်ခံစားရင်း
ငိုကြွေးမှုသံစဉ်များ
ထပ်ခါရွတ်ဆိုနေဆဲပါ…

ငါမျှော်လင့်ခဲ့မင်းအချစ်များ
နောက်တစ်ခေါက်
ရအုံးမလား
စိတ်ကူးယဉ်ဆန်စွာ
ငါပျံသန်း
အလွမ်းရက်များ
ရှည်ကြာဆဲပါ….

ချည်နှောင်နေတဲ့
သံယောစဉ်
အဆုံးသတ်မှာတော့
သားကောင်းရတနာ
တစ်ပါးဖြစ်ရေးအတွက်
စတေးမှုဟာ
ငါ့နှလုံးသားတဲ့လား…..?
'' မပြည့်လေသော ကိုယ့်ဆုတောင်း ''

လမင်းကြီးလေ
ကိုယ်ဖြစ်ချင်တယ်
မှောင်မိုက်တဲ့ညတွေမှာ
မင်းအတွက်
အလင်းရောင်းပေးချင်လို့ပါ..။

ဂျိုကာကလေး
ကိုယ်ဖြစ်ချင်တယ်
ဝမ်းနည်းအားငယ်တဲ့ အချိန်မှာ
ပျော်စရာတွေကို
မင်းအတွက်
ဖန်တီးချင်လို့ပါ...။

လက်တွဲဖော်လေး
ကိုယ်ဖြစ်ချင်တယ်
ကြမ်းတမ်းတဲ့ဘ၀ခရီးလမ်းမှာ
မင်းနဘေးမှာထာဝရလိုက်ပါချင်လို့ပါကွာ...။ ။
ချစ်သူ....
မတွေ့ရတာကြာပြီနော်
(ဒီတော့)ကိုယ်သတိရနေတာကို
မင်းလည်းမသိနိုင်ပါဘူး...။

မျှော်လင့်ထားတာတွေလည်း
မပြည့်အ၀မရတဲ့အခါ
လမ်းခွဲဖို့ကြိုးစားမိတာ
ရက်စက်တယ်လို့
မင်းစွပ်စွဲမယ်ဆိုလည်း
ဝန်ခံလိုက်ဖို့ဆုံးဖြတ်ခဲ့ဖူးတယ်...။

စာနာပေးပါ....ချစ်သူ
မခိုင်မာတဲ့ကိုယ့်နှလုံးသားကို
မင်းလာပြီးမလှုပ်နိုးပါနဲ့
ရင်ထဲမှာမုန်တိုင်းတွေ
မတိုက်ချင်တော့ပါဘူးကွယ်....။