“ နှောင်ခြင်းဖွဲ့ သစ္စာ ”
နှောင်ထုံးဖွဲ့ အတ္တမာယာမှာ
မရည်ရွယ်ဘဲ ပြုံးနေတတ်တဲ့ နှုတ်ခမ်းတွေနှင့်
ခုနှစ်ရောင်ခြယ် ပုံပြင်တွေ မဆုံးတမ်းပြောရင်း
လွမ်းမောခြင်း ရာဇ၀င်တွေအောက်မှာ
ငါ့ကို တစ်ယောက်တည်း ထားခဲ့ချင်သူလား .....။
သစ္စာတရားကို အခြေခံပြီး
မေတ္တာတရားဖြင့် စီရင်အပ်သော လမ်းမှာ
သစ္စာထားပြီး သွားကြမယ်ဆို
ကောင်းကင်ပြာကြီးလဲ မလို
ပန်းခင်းသောလမ်းကလေးလည်း မလို
နင့်နဘေးမှာ
ငါ့အနာဂတ်တွေပေးဆပ်ဖို့ပဲလိုတာပါ .....။
လွမ်းမောခြင်းတွေဆို
ငါမလိုချင်တော့ဘူး .....။
ငါ့ဘ၀ရဲ့ အလင်းပျော့ကောင်းကင်တစ်ခုပေါ်မှာ
ထွက်ပေါ်လာခဲ့တဲ့ နေမင်းရေ
သစ္စာတရားဆိုတဲ့ အခင်းအကျင်းတွေသာ
လင်းလက်တောက်ပ လိုက်စမ်းပါ
နင်ဖြတ်လျှောက်လာတော့မယ့်
ငါ့ခြေလှမ်းတိုင်းရဲ့ ဦးတည်ရာဆိုတာ
နင်ရှိမယ့် ကမ္ဘာဆီကိုပါ ...........။ ။
No comments:
Post a Comment