09 February 2009

“ ဆောင်းရက် အလွမ်း ”

အပြင်ဘက်ဆီမှာ
အရင်ရက်ကလို နှင်းတွေကစိုတယ် .....

ဒီရင်ဘတ်မှာလည်း
အရင်ကထက်ပိုပြီး မင်းကိုပဲလိုတယ် .....

နှင်းသီတဲ့ ညဥ့်နက်နက်တွေအောက်
မင်း ရီသံ ပျောက်ရှနေတဲ့အခါ
ငါဟာ .... အိပ်တန်းပြန်နောက်ကျတတ်တဲ့
ဆောင်းခိုငှက်တစ်ကောင်လို
အမှောင်တွေထဲ လမ်းပျောက်တယ် .....

တခမ်းတနား လွမ်းဖျားနေခဲ့ရတဲ့
အခန်းတံခါးရဲ့ နောက်ကွယ်မှာ
မင်းပေးတဲ့ ပို့စကဒ်တွေကို ရေတွက်မယ် .....

ဖေဖော်ဝါရီ တစ်ဆယ့်လေးကိုလည်း ခပ်ဆွေးဆွေးပဲ
ကျော်ဖြတ်မယ် .....

နွေးထွေးစွာ မှေးစက်ခဲ့ဘူးတဲ့
မင်းပုခုံးတစ်ဖက်ရဲ့ အဝေးမှာ
သတိရစေတတ်ခဲ့သော
အိမ်ပြန်ချိန်တွေကို လွမ်းဆွတ်
နှလုံးသားထဲက အခါခါရွတ်နေမိတဲ့စကား
မင်းလည်းပဲ သတိရပါစေကွာ .....

ဖေဖေါ်ဝါရီမှာ အိမ်မက်တွေအသက်သွင်းခွင့် မရနိုင်ပေမယ့်
ရင်ထဲက မပျက်ယွင်းခဲ့တဲ့
သစ္စာတရားတွေနဲ့
နှလုံးသားချင်းနားလည်
အနားနား မင်းမရှိခဲ့လည်း
ကိုယ် .....
ဘယ်အခါမှ အားမငယ်ပါဘူးကွာ .......... ။

No comments: